ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ် နာမည်ရခဲ့တဲ့ အမေရိကန်နိုင်ငံဟာ အဲဒီကာလတွေနောက်ပိုင်းမှာ ကိုးရီးယားကျွန်းဆွယ်၊အင်ဒိုချိုင်းနားဒေသက ဗီယက်နမ်နဲ့ အရှေ့အလယ်ပိုင်းက အီရတ်၊ အာဖဂန်နစ္စတန်တို့မှာ ဒီမိုကရေစီရဲ့ကယ်တင်ရှင်ကြီးအဖြစ်နဲ့ ကမ္ဘာ့ဇာတ်ခုံမှာ ပါဝင်ကပြခဲ့ပါတယ်။
ဒီဇာတ်ထုပ်တွေမှာ မင်းသားကြီးအမေရိကန်ဟာ အောင်ဖျာလိပ်လို့ ပြန်ခဲ့ရပြီး ရည်မှန်းချက်တွေ အောင်မြင်သလို ဟန်ဆောင်ခဲ့ပေမယ့် တကယ့်တကယ်တမ်းမှာတော့ ပြန်ဖာထေးလို့မရတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်တွေရဲ့ ရဲရင့်မှုနဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ပုံပြင်တစ်ပုဒ်လို နားထောင်ရင်း ကြီးပြင်းလာခဲ့ရတဲ့ နောက်မျိုးဆက်တွေဟာ အဘိုးတွေ အဖေတွေ ပုခုံးပြောင်းပေးခဲ့တဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ကြဖို့တပ်မတော်ထဲကို ဝင်ရောက်လာခဲ့ကြတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အကြောင်းရင်းခိုင်လုံမှုမရှိတဲ့ စစ်ပွဲတွေကို ဆင်နွှဲကြရပါတယ်။
ဒီစစ်ကြီးတွေထဲမှာ တိုက်ပွဲဝင်ခဲ့ကြရတဲ့ မျိုးဆက်သစ်စစ်သည်တွေဟာ သူတို့ရင်ဆိုင်လာရတဲ့ အနေအထား၊ သူတို့တိုက်နေရတဲ့စစ်ဟာ သူတို့အဘိုးတွေ၊ သူတို့အဖေတွေခေတ်တုန်းကလို မဟုတ်တော့တာကို သတိထားမိလာကြပါတယ်။နိုင်ငံရေးလှည့်ကွက်တွေအကြားမှာ လိုသလိုပုံသွင်းခံနေရတဲ့ မျိုးချစ်စိတ်အကြောင်း၊ လူနည်းစုရဲ့ အကျိုးနဲ့ လိုအင်အတွက် ပေးဆပ်နေရတဲ့ သူတို့ရဲ့ဘဝအကြောင်းတွေကို မြင်လာကြပါတယ်။
တနည်းအားဖြင့် ပြောရရင် သူတို့လေးစားအားကျခဲ့ရတဲ့ စစ်သည်တော်မျိုးဆက်ဟာ ဖျက်ဆီးခံလိုက်ရပြီ ပျက်သုန်းသွားပြီဆိုတာ သိလိုက်ကြရပြီလို့ ပြောရမှာပါ။ စစ်တိုက်တော်ပြီး ရိုးသားပွင့်လင်းသော တပ်နေပျော်တဲ့ မျိုးဆက်တစ်ခုဟာ အစဖျောက်ခံလိုက်ရပါပြီ။ ဒီလောက်ဆိုရင်တော့ Generation Kill ဆိုတဲ့ နာမည်ရဲ့ ဆိုလိုရင်းကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။