ဘဝဆိုတာ အနိမ့်အမြင့်အတတ်အကျရှိသလို ရုန်းကန်လှုပ်ရှားရတာတွေလည်းကြုံတွေ့ရစမြဲပါပဲ .....
ဘယ်လိုအခြေအနေမျိုးနဲ့ပဲ လူလောကကိုရောက်လာပါစေ လူလောကကို ကြိုးစားပြီးတော့ဖြတ်သန်းရမှာ သဘာဝလိုမျိုးဖြစ်နေပါပြီ...
ဒီဇာတ်ကားလေးက အချစ်ဇာတ်ကားလေးလို့ဆိုပေမဲ့ တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝကိုထင်ဟပ်စေပြီး သူဟာ ဘဝမှာဘယ်လိုရုန်းကန်ပြီးနေထိုင်ခဲ့တယ်ဆိုတာကိုတင်ဆက်ပေးထားတဲ့ကားလေးပါ...
ရတာမလို လိုတာမရ ဆိုတဲ့ လူ့လောကကြီးအကြောင်းကိုပြသထားသလို ဖြစ်ရပ်မှန်တဝက် စိတ်ကူးယဉ်တစ်ဝက်ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပြီး အော်စကာတွေ အများကြီးရဖူးတဲ့ တွန်ဟန့်ရဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်....
Run Forrest Run
ကျွန်တော်စိတ်အားငယ်တိုင်းမှာ Forrest Gump ကို
ပြန်ကြည့်လေ့ရှိတယ်။ Forrest Gump ထက်
ကောင်းတဲ့ရုပ်ရှင်တွေ အများကြီးရှိပေမယ့်
Forrest Gump ကိုတော့ အချစ်ဆုံးပဲ။ ကောင်းကင်
ပေါ်ကနေ တလွင့်လွင့်ကျလာတဲ့ ငှက်မွေးဖြူလေးရယ်
ဆဗာနားမြို့လယ်ကောင်က ဘတ်စ်ကားမှတ်တိုင်မှာ
ထိုင်နေတဲ့ ဆံပင်ပုံတုံးတုံးနဲ့လူတစ်ယောက်ရယ်။
ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးအဖွင့် ဇာတ်ဝင်ခန်း
တစ်ခုလို့ သတ်မှတ်ကြတယ်။ မယုံနိုင်စရာတစ်ခုက
ရုပ်ရှင်တစ်ကားလုံးမှာ ဒီအခန်းကရိုက်ရအခက်ဆုံး
ဖြစ်ပါသတဲ့။
ဇာတ်အဖွင့်မှာပဲစစချင်းပြတဲ့ ငှက်မွေးလေးက
ဘာကိုဆိုလိုချင်တာလဲ။ ဇာတ်သိမ်းမှာလည်း
ဒီငှက်မွေးဖြူလေးတလွင့်လွင့်နဲ့ပဲ ဇာတ်သိမ်း
သွားတယ်။ ဒီငှက်မွေးဖြူလေးဟာ လူ့ဘဝကို
ကိုယ်စားပြုတာပါတဲ့။ တစ်နည်းအားဖြင့်
Forrest ရဲ့ဘဝကို ကိုယ်စားပြုတာ။ ယန်းပေါဆတ်ရဲ့
စကားဆန်ဆန်ပြောရရင် လူသားတွေဖြစ်တည်ရတဲ့
လောကဝန်းကျင်ဟာအတူတူဖြစ်ပေမယ့်
ကိုယ်ပိုင်ရွေးချယ်ခံစားလျှောက်လှမ်းမှုအပေါ်
မူတည်ပြီး ဘဝတွေဟာ ကွဲပြားသွားတယ်။
တကယ်တော့ Forrest ရဲ့ ဘဝဟာ အစကတည်းက
မကောင်းလှပါဘူး။ ဖတဆိုးဖြစ်ရတဲ့အထဲ
ဉာဏ်လေးတယ်၊ ခြေကလည်း သာခွေယိုင်
ဖြစ်နေသေးတယ်။ ကျောင်းတက်ခွင့်ရဖို့ကိုတောင်
အမေက အနစ်နာခံပေးရတယ်။ သူကျော်ဖြတ်ခဲ့ရတဲ့
ခေတ်ကိုကြည့်ရင်လည်း ခေတ်ပျက်မဟုတ်တောင်
ခေတ်ကျပ်ကြီးဖြစ်နေတယ်။ ဂျွန်အက်ဖ်ကနေဒီ
လုပ်ကြံခံရမှု၊ လူဖြူလူမည်းကျောင်းတွေ ခွဲရေး
တွဲရေး၊ ဗီယက်နမ်စစ်ပွဲ၊ ဝါးတားဂိတ်အရေးတော်ပုံ၊ ဟာရီကိန်းကာမန်၊ ဟစ်ပီယဥ်ကျေးမှု
လှိုင်း၊ နောက်ဆုံး HIV/AIDS ။ ဒီလိုရှုပ်ထွေးလွန်းတဲ့
ခေတ်ရေယဥ်ကြောကြီးထဲမှာ Forrest ရှင်သန်ခဲ့ပုံက
ပေါ့ပါးလွန်းတယ်။ သူ့ဘဝပေးကံကြမ္မာကြောင့်
ဘာမှသိပ်မသိတာရယ်၊ စိတ်ထားရိုးရှင်းတာရယ်
ကြောင့်လည်းပါလိမ့််မယ်။ ခက်ခဲရှုပ်ထွေးတဲ့
ပြောင်းလဲမှုလှိုင်းတွေကို သူသက်သက်သာသာပဲ
ကျော်ဖြတ်နိုင်ခဲ့တယ်။
Forrest လောက်ကံမကောင်းတာကတော့
Jenny နဲ့ ဗိုလ်ကြီးဒန်းပဲ။ ဖခင်ရဲ့စော်ကားမှုကို
ငယ်ငယ်ကတည်းကခံခဲ့ရတဲ့ Jennyဟာ
ဘဝကိုရောက်ချင်ရာရောက် ရွက်တိုက်သွားတယ်။
နောက်ဆုံးမှာ HIV နဲ့ ဘဝဆုံးသွားရတယ်။
(9/11 ကြောင့် မရိုက်ဖြစ်တော့တဲ့ Forrest Sequelမှာ
Forrest Jr. လေးဟာ HIV ရောဂါပါလာတဲ့ကလေး
တစ်ယောက်ဖြစ်လာပြီး Forrest က သူ့သားကို
စောင့်ရှောက်ရပုံကို ရိုက်ပြဖို့စီစဥ်ထားခဲ့တာပါ။)
ဗိုလ်ကြီးဒန်းကတော့ မျိုးနဲ့ရိုးနဲ့ ဘဝကို plan
ရှိထားတဲ့လူစားမျိုး။ ဒါပေမဲ့ သူတို့ ၂ ယောက်လုံး
ဘဝမှာ မပျော်လိုက်ရဘူး။ Forrest ကတော့
သူတို့ ၂ ယောက်လုံးနဲ့ကွာခြားတယ်။ ဘဝကို
ဘယ်ကမ်းဆိုက်ဆိုက်ရွက်တိုက်နေသူ မဟုတ်သလို
မဟာစီမံကိန်းကြီးတွေချထားတဲ့သူလည်း
မဟုတ်ဘူး။ Forrest က ငှက်မွေးဖြူလေးရဲ့
အဘိဓမ္မာကိုဆုပ်ကိုင်ထားတယ်လို့ဆိုရမယ်ထင်တယ်။
လူသားတွေရဲ့ဘဝဟာ ငှက်မွေးလေးတစ်ခုလိိုပဲ
လေပင့်ရင် တက်မယ် လေဝှေ့ရင်ရွေ့မယ်
လေပြတ်ရင် သတ်မယ်။ ငါကတော့ ဟိုနေရာကို
သွားမယ်ကွလို့ ဦးတည်ပေမယ့် ရောက်ချင်မှ
ရောက်မှာပေါ့။ ဒီမြက်ခင်းပေါ်မဆင်းဘူးကွ
ဆိုပြန်ရင်လည်း မနေချင်တဲ့နေရာကိုမှ ဆိုက်ဆိုက်
မြိုက်မြိုက်ရောက်သွားတတ်တာမျိုးလည်းရှိမယ်။
တစ်ခါတရံ ဘယ်ကလာမှန်းမသိတဲ့ပင့်လေ လေး
ကြောင့် သစ်ပင်ထိပ်ဖျားကိုရောက်သွားတတ်သလို
လေရူးနှောက်လို့ မြောင်းထဲရောက်သွားတာမျိုးလည်း
ရှိမှာပဲ။ ဒါဆိုရင်ဘဝက ကံကြမ္မာစေရာ သက်သက်
ကြီးပဲလားလို့ မေးစရာရှိတယ်။
Jenny ရဲ့ အုတ်ဂူနားမှာရပ်ရင်း - ဘဝဆိုတာ
ကံကြမ္မာစေရာလား ဒါမှမဟုတ် လေတိုက်တိုင်း
လွင့်ချင်ရာလွင့်နေတာမျိုးလား ငါမသိဘူး။
၂ ခုလုံးဖြစ်ရင်ဖြစ်မယ်ထင်တယ် လို့ Forrest
ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ဘဝတွေဟာ
လေနှင်ရာလွင့်ရပေမယ့် ကိုယ့်ငှက်မွေးလေးကို
ပဲ့ထိန်းပေးဖို့အခွင့်အရေးရှိနေတာ ဖြစ်နိုင်မလား။
လက်ရှိကြုံနေရတဲ့ အခြေအနေဟာ လူတိုင်း
အတွက် စိတ်ဆင်းရဲ၊ လူဆင်းရဲ အခြေအနေကြီးပါ။
စီစဥ်ထားသမျှ ဘဝစီမံကိန်းတွေ ပျက်ကြတယ်။
ဆုံးရှုံးမှုတွေကြီးကြတယ်။ မနက်ဖြန် သေဘေး
ကြုံရနိုင်လား၊ အဖမ်းအဆီးခံရမလား၊ ဘဝပျက်
မလား၊ မိသားစုနဲ့ခွဲရမလား၊ ချစ်သူနဲ့ တစ်သက်လုံး
ကွဲရမလား၊ ဘယ်လိုဒုက္ခတွေကြုံရမလဲ
ဘယ်သူမှကြိုမသိနိုင်ဘူး။ မကြာသေးတဲ့အတိတ်
အတွက်ပူဆွေးနေရသလို၊ ပစ္စုပ္ပန်ကိုလည်း
စိတ်မချ၊ အနာဂတ်ကိုလည်း စိတ်ပူနေရတယ်။
Life is like a box of chocolates. You never
know what you're gonna get. ကျွန်တော်တို့
လတ်တလောရထားတဲ့ ချောကလက်ဘူးကတော့
စားမိသမျှ အရသာဆိုးတွေချည်းပဲ။
ပါးစပ်ထဲသွင်းမယ့်နောက်တစ်ခုကလည်း
ဘာအရသာမှန်းမသိဘူး။
ကျွန်တော်ကတော့ Forrest ရဲ့ ဒဿနအတိုင်းပဲ
ဆက်နေသွားမယ်။ လမ်းကိုသိတာနဲ့ လမ်းကို
လျှောက်တာမတူပါဘူး။ ဒီလမ်းဟာ ကြမ်းမယ်လို့
သိထားရင်တောင် ကိုယ့်လျှောက်ပုံလျှောက်နည်းက
ကိုယ့်ကိုသက်သောင့်သက်သာဖြစ်စေမှာပါ။
ရလဒ်ကိုလည်း ပြောင်းလဲပေးနိုင်မှာပါ။
လေနှင်ရာလွင့်ရမယ်လို့သိထားရင်တောင်
ငှက်မွေးလေးဟာ ဖြူစင်ပေါ့ပါးနေတုန်းပဲ
မဟုတ်လား။
ရှေ့မှာဘယ်လိုအဆိုးတွေရှိပါစေ ကိုယ့်ရဲ့
ဖြူစင်မှုကိုမစွန့်ပစ်ပါနဲ့။ စိတ်ဝန်ကို တန်ပို
အတင်မခံပါနဲ့။ ကိုယ်ဒီနေ့ရတဲ့ ချောကလက်ဟာ
အရသာကောင်းတာလေးဖြစ်နေရင် အနားကလူကို
မျှဝေဖို့ မမေ့ပါနဲ့။